Thursday, March 21, 2013

၂၀၁၅ တွင် ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ချင်းပါတီနှစ်ခု ပူးပေါင်းတော့မည်

Hits:795
 
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CDP)တို့ ပူးပေါင်း၍ ပါတီတခုအဖြစ် ရပ်တည်သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း (CNP) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ပါတီ ၂ ခု အင်အားပူးပေါင်း၍ ကြိုးစားသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းလိုခြင်းနှင့် ပတ်သတ်၍ ဆလိုင်းကျဲအိုဘိခ်ထောင်က “ချင်းပြည်နယ်အကြောင်းကို ချင်းတွေကပဲ ပိုသိမယ်။ အခုချင်းပြည်နယ်အစိုးရက ကြံ့ခိုင်ရေး ပါတီက ဖွဲ့ထားတာ။ ပြီးတော့ ပြည်နယ်အစိုးရ ပါတီက ပြည်ထောင်စုအစိုးရကို ဖွဲ့တဲ့ပါတီပဲ ဖြစ်နေတယ်။ တခုခုဆို ရင် နေပြည်တော် မျက်နှာပဲကြည့်နေတော့ အလုပ်တွေနှောင့်နှေးတယ်” ဟု ဆိုသည်။
ပြည်တွင်းနှင့်ပြည်ပရှိ ချင်းတိုင်းရင်းသား ပညာရှင်များက ချင်းပြည်နယ် အစိုးရကို အကူအညီပေးလိုသော်လည်း လက်ရှိ ပြည်နယ်အစိုးရသည် ယခင် နအဖ အစိုးရ၏ အမွေဟောင်း ဆက်ခံသော အဖွဲ့အစည်းဟု ထင်မြင်မှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ပါတီအမည်သစ်နှင့် ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်များ ရွေးချယ်ခြင်းကို လာမည့် ဧပြီလအတွင်း အစည်းအဝေးပြုလုပ်၍ ညှိနှိုင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား ပါတီများအနေဖြင့် ပြည်နယ်အစိုးရဖွဲ့ရန် ကြိုးပမ်းခြင်းနှင့်ပတ်သတ်၍ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ပူးကျင့်ရှင်ထန်က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အစိုးရဖွဲ့ဖို့ တော်တော် ခက်ပါတယ်။ ဒါကြောင့် ချင်းတိုင်းရင်းသား ပါတီတွေ အစိုးရဖွဲ့နိုင်ဖို့ ဆိုတာ သေချာပြောလို့ မရသေးပါဘူး။ ရွေး ကောက်ပွဲက ဝေးပါသေးတယ်” ဟု ပြောသည်။
လက်ရှိတွင် ချင်းတိုင်းရင်းသားပါတီ ၅ ခုရှိပြီး ချင်းအမျိုးသားပါတီ (CNP)၊ ချင်းတိုးတက်ရေးပါတီ (CDP)၊ တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးပါတီ (ENDP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)နှင့် အရှိုချင်းပါတီတို့ဖြစ်သည်။ CNP၊ CDP နှင့် ENDP တို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီများ ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင်  တိုင်းရင်းသား ပါတီများအနေဖြင့် ပြည်မအင်အားကြီး ပါတီကြီးများ ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့နှင့် ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားပါတီ ၁၃ ခုပါဝင်သော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
credit- ဧရာဝတီ
 

ဒေါ်လာဈေး တက်လာ၍ ရွှေလုပ်ငန်းရှင်အချို့ ဝင်ရောက်လုပ်ကိုင်လာ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၁ မိနစ် 

ရန်ကုန် (မဇ္ဈိမ)။   ။ ဒေါ်လာဈေး တက်လာသဖြင့် ရွှေလုပ်ငန်းရှင်အချို့ပါ ငွေကြေးဈေးကွက်သို့ ဝင်ရောက် လုပ်ကိုင်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ဒေါ်လာဈေးက တအိအိ တက်လာတယ်။ ပြီးခဲ့တဲ့ အပတ်က အပြင်ပေါက်ဈေး ဆို ၈၉၁ ကျပ် အထိ တက်လာတာ။ အခေါက်ရွှေ ဝယ်ရောင်း လုပ်ကိုင်သူ အချို့ပါ လိုင်းပြောင်း လုပ်ကိုင်လာတာ တွေ့ရတယ်” ဟု ဒေါ်လာ ဝယ်ရောင်း လုပ်ကိုင်နေသူ ဦးတင်မောင် က ပြောသည်။

မတ်လ ၁၅ ရက်မှ ၂၀ ရက်အတွင်း ညနေ၃ နာရီပေါက်ဈေးများမှာ သိမ်ဖြူလမ်း ငွေလဲ စင်တာများတွင် ဒေါ်လာ
ရောင်းဈေးအနေဖြင့် ၈၈၄ ကျပ်မှ ၈၈၆ ကျပ်အတွင်း ရှိနေပြီး ဝယ်ဈေးများမှာ ၈၇၇ ကျပ်မှ ၈၇၈ ကျပ်အတွင်း ရှိခဲ့သည်။ အလားတူ ပြင်ပ ဒေါ်လာပေါက်ဈေးမှာ ရောင်းဈေးအနေဖြင့် ၈၈၅ ကျပ်မှ ၈၈၉ ကျပ်အတွင်း ရှိပြီး ဝယ်ဈေးမှာ ၈၈၃ ကျပ်မှ ၈၈၆ ကျပ်အတွင်း ရှိခဲ့သည်။

“ဒေါ်လာဈေး ဘာကြောင့် တက်တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် ကောက်ကြောင်း လိုက်ကြည့်ရင် အခေါက်ရွှေလိုင်း သိပ်မကိုက်တော့ ရွှေသမားတွေ ဒေါ်လာလိုင်းထဲ ဝင်လာတယ်၊ နိုင်ငံတကာမှာလည်း
ဒေါ်လာဈေးက မြင့်တက်လာတော့ ရွှေမဝယ်တော့ဘဲ စတော့တွေ ဝယ်လာကြတဲ့အတွက် ဒေါ်လာက ခိုင်လာတဲ့ သဘော ရှိလာတယ်။ ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ငွေလဲနှုန်းကို အစိုးရက မျက်ကွယ်ပြု
နေသလားလို့ မေးခွန်းကို ပြောသွားတဲ့အတွက် မကြာခင် ဒေါ်လာဈေး တက်တော့မယ်လို့ အများစုက ခန့်မှန်း ထားကြတယ်၊ စတဲ့ အကြောင်းစုံတွေကြောင့် တက်လာတာ ဖြစ်တယ်” ဟု ဒေါ်လာဈေးကွက် စောင့်ကြည့်သူ ဦးကြည်လွင် က သုံးသပ်သည်။

မတ်လ ၁၉ ရက် ညနေ ၃ နာရ်ီတွင် ပြင်ပ ဒေါ်လာရောင်းဈေးမှာ ၈၈၆ ကျပ်၊ ဝယ်ဈေးမှာ ၈၈၄ ကျပ် ရှိခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင်လည်း ထိုဈေးအတိုင်းပင် ရှိခဲ့သည်။  


credit-  မဇ္ဈိမသတင်းဌာန

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမှ ပြန်လည် ထွက်ခွာ

ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၄ မိနစ် 

ချင်းမိုင်(မဇ္ဈိမ)။   ။ ကိုရန်နိုင်ထွန်း ဦးဆောင်သော ကချင်ပြည်နယ် ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သည့်အဖွဲ့
သည် ယနေ့ နံနက် ၉ နာရီစတင်၍ လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မတ်လ ၁၈ ရက်နေ့က လမ်းလျှောက်အဖွဲ့မှ သံဃာ ၁၅ ပါးနှင့် လူ စုစုပေါင်း ၁၃၀ ကျော်သည် လိုင်ဇာမြို့သို့
 ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

“ဒီမနက် ငြိမ်းချမ်းရေးအလံများ လဲလှယ်ကြပြီးတဲ့နောက် ၉ နာရီလောက်ကနေ ဒီကနေ ထွက်ခွာသွားကြပြီ” ဟု KIO မှ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား ၏ ကိုယ်ရေးအရာရှိ ကိုခမ်းအောင် က ပြောသည်။

အခြား ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တခုဖြစ်သည့် ကိုစည်သူ ဦးဆောင်သော လူ ၂၀ ကျော်မှာ ယမန်နေ့က
 ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအား မတ်လ ၂၀ ရက်နေ့က ကြည့်ရှုလေ့လာပြီး KIO ၏ ဒုက္ခသည်များ ကူညီရေး တာဝန်ရှိသူထံ တရုတ်ယွန်ငွေ ၁ သိန်း ၆ သောင်း (သိန်း ၂၄၅) ကျော်နှင့် ကျပ်ငွေ ၁၀ သိန်း ပေးအပ် လှူဒါန်းခဲ့
သည်ဟု ကိုခမ်းအောင် က ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှ  တလကျော်ကြာ ချီတက်ခဲ့ရာ လမ်းတလျှောက်မှ အလှူရှင်များ၏ ကူညီထောက်ပံ့ပေးသော အလှူငွေများကို စစ်ပြေး ဒုက္ခသည်များအား ပြန်လည် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။


credit-  မဇ္ဈိမသတင်းဌာန 

မိတ္ထီလာ အရေး အမေရိကန်သံရုံး ကြေညာချက် ထုတ်ပြန်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၂၄ မိနစ် 

မဇ္ဈိမ(ရန်ကုန်)။           ။ ရွှေဆိုင်တွင် ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှ ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခနှင့် ပတ်သတ်၍ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ ယနေ့ မတ်လ၂၁ရက်နေ့ နေစွဲဖြင့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့
သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချယ်မှ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု
များနှင့် အိုးအိမ်ပျက်စီးမှုများအတွက် စိုးရိမ်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်အိုးအိမ် စည်းစိမ်
ပျက်ဆီးဆုံးရှုံး သွားသူများ၏ မိသားစုများအတွက် များစွာ ဝမ်းနည်း စာနာမိကြောင်း အဆိုပါ ကြေညာချက်တွင်
ဖော်ပြပြောဆိုထားသည်။ ထို့အပြင် သံရုံးအနေဖြင့် ဖြစ်ရပ်များကို မျက်ခြေမပျက် စောင့်ကြည့်လျက် ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ 


credit-  မဇ္ဈိမသတင်းဌာန 

စစ်တွေမှ ထိုင်းသို့သွားမည့် မူဆလင် ၉၀ ကျော် မြိတ်တွင် ဖမ်းဆီးထား

ကွန်းချမ်း | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၂၆ မိနစ် 

စံခလပူရီ (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တနင်္သာရီတိုင်း၊ မြိတ်
မြို့နယ်သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နွှယ်ဖွား ၉၀ ကျော်ကို ယခုသီတင်းပတ်အတွင်း ဖမ်းဆီးကာ ထိန်းသိမ်း
ထားကြောင်း ဒေသခံများနှင့် အာဏာပိုင်များက ပြောသည်။

“အားလုံး ၉၂ ယောက်။ ယောက်ျား/မိန်းမ ခွဲနေတုန်းပါ။ စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ လဝက ဥပဒေနဲ့ပဲ အရေးယူ
မယ်” ဟု ခရိုင် လဝက အရာရှိတဦးက ပြောသည်။

ဒေသခံများ၏ သတင်းပေးချက်အရ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ဒေသခံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ကြည်းတပ်၊ ရေတပ်
တို့ ပူးပေါင်း ရှာဖွေရာမှ မတ်လ ၁၇ ရက်နေ့တွင် ၇၁ ဦး၊ ၁၉ ရက်နေ့တွင် ၈ ဦးနှင့် ၂၀ ရက်နေ့တွင် ၁၀ ဦးကျော်ကို အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းပြင် ခရီးသည်များ စီးနင်းလာသည့် မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်နှစ်လုံးတပ် အလျား ၅၀ ပေ၊ အနံ ၂၅ ပေ
ရှိ သစ်သားစက်လှေ တစီးကိုလည်း မြိတ်မြို့ မဇောကျေးရွာအုပ်စု ရှမ်းထိန် ကျေးရွာအနီး ချောင်းကမ်းစပ်တွင် သိမ်းဆီးရမိသည်ဟု ဆိုသည်။

“သူတို့ထဲမှာ အမျိုးသမီး ၁၀ ယောက်လောက် ပါတယ်။ အခု ခရိုင် လဝက ကို လွှဲပေးထားပါတယ် ခင်ဗျ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မူဆလင် ၈၅ ဦးကိုလည်း ဇန်နဝါရီလ ၂ ရက်နေ့က ကော့သောင်းမြို့သို့ စက်လှေဖြင့် ရောက်ရှိခဲ့ရာ ကော့သောင်း လဝက ရုံးက ရန်ကုန် လဝက ရုံးမှတဆင့် စစ်တွေ မြို့နယ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

၎င်းပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း မြိတ်မြို့နယ်သို့ ၆၀ ကျော် ရောက်ရှိခဲ့ပြီး ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ကာ လဝက ဥပဒေဖြင့် အရေးယူခဲ့သည်။ 


credit-  မဇ္ဈိမသတင်းဌာန

သင်္ကြန်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ်၂၀ ကို မူလအတိုင်း ရေပေးမည်

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၂၉ မိနစ် 

ရန်ကုန် (မဇ္ဈိမ)။   ။ လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ  မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ ဒဂုံမြို့နယ်တို့အား သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

“ကျန်မြို့နယ်တွေဖြစ်တဲ့ မြို့လယ်ပိုင်းက မနက် ၇ နာရီမှ ၁၁ နာရီအထိရယ်၊ ညနေ ၃ နာ၇ီမှ ၆ နာရီအထိလို့ တနေ့ နှစ်ကြိမ်နဲ့ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ကိုတော့ မနက် ၇ နာရီကနေ ၁၀ နာရီအထိ တနေ့ တကြိမ် ရေပေးသွားမှာပါ။ အဲဒီ အချိန်အတိုင်း မဏ္ဍပ်တွေကိုလည်း ပေးသွားမှာပါ။ အခါတိုင်းနှစ်အတိုင်း ပေးဝေသွားမှာ ဖြစ်ပါတယ်” ဟု ဒု-ဌာနမှူး ဦးအောင်ဆန်းဝင်း က ပြောသည်။

ရန်ကုန် မြို့လယ်ပိုင်းရှိ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ ပါဝင်သည်။

ရေကစား မဏ္ဍပ်များတွင် ၁ လက်မမှ ၁.၅ လက်မနှင့် ၂ လက်မ ပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည် ဖြစ်သည်။

“စည်ပင်က ရေ ယူသုံးမယ့် မဏ္ဍပ်တွေအနေနဲ့ ၁ လက်မနဲ့ ၁.၅ ပိုက်သုံးရင် ကျပ် ၁ သိန်း၊ ၂ လက်မပိုက်က ကျပ် ၁ သိန်းခွဲ ပေးသွင်းရပါမယ်။ အင်းလျားနဲ့ ကန်တော်ကြီးက ရေ ယူသုံးသူတွေအနေနဲ့ ၃ လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးသွားမှာ။ ၃ လက်မ ပိုက်သုံး မဏ္ဍပ်တွေက ရေသွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီအမီ ပေးသွင်းရမှာ ဖြစ်ပါတယ်” ဟု မဏ္ဍပ် ဆောက်ရန် စီစဉ်နေသူ ဦးအောင်မင်း က ဆိုသည်။

အဆိုပါ ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် တက်လာကြောင်း သိရသည်။ 


credit-  မဇ္ဈိမသတင်းဌာန

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ရှမ်းနှင့် ကယား ညီလာခံ ဆွေးနွေး

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၄၆ မိနစ် 

ချင်းမိုင်(မဇ္စျိမ)။   ။ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရန်အတွက် လက်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ရန်လိုအပ်ကြောင်း ယနေ့ စတင်ကျင်းပနေသည့် ရှမ်းနှင့် ကယားပြည်နယ်ရှိ လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ညီလာခံတွင် ဆွေးနွေးသဘောတူညီခဲ့ကြသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပြောသည်။

'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ' တွင် အဖွဲ့အစည်းပေါင်း အနည်းဆုံး ၇ ဖွဲ့ခန့်
ဆွေးနွေးခဲ့ကြပြီး အကျိုးရလဒ်အဖြစ် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားနေခြင်းကို တွေ့ရှိရကြောင်း ဦးဆောင် စီစဉ်သည့် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောသည်။

“အားလုံးဆွေးနွေးတာက ဖွဲ့စည်းပုံ ဥပဒေကို မဖြစ်မနေပြင်ဖို့ ဆိုတာ တွေ့ရတယ်။ ငြိမ်းချမ်ရေး လမ်းစပေါ်
နေတယ်ဆိုတာ ကျနော်တွေ့ရပါတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်နိုင်ဖို့ လမ်းစပေါ်နေတယ်လို့ ဒါက ကောင်းတဲ့အချက်လို့ ကျနော် သုံးသပ်လို့ ရပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေးအတွက် သက်ဆိုင်သူများအကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက်ရန် လိုကြောင်း ဦးခွန်ထွန်းဦး က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်ဟု ညီလာခံ တက်ရောက်ခဲ့သူ ဦးစိုင်းလိတ်က ပြောသည်။

“ဖွဲ့စည်းပုံဥပဒေရဲ့ မှားယွင်းချက်ကြောင့် တိုင်းရင်းသား အချင်းချင်းကြား မညီညွတ်ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပေါ်တယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ ဆိုရင် တိုင်းရင်းသား အချင်းချင်းကြားမှာရော၊ တိုင်းရင်းသားနဲ့ အစိုးရကြားမှာ ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ရမယ်။ ဒါမှ အားလုံးမျှော်မှန်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်
ရးအတွက်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ရေးဆွဲပြီးတော့မှ ရှေ့ဆက်လှမ်းနိုင်မယ်” ဟု ပြောပြသည်။

လားရှိုးမြို့တွင် ကျင်းပသည့် အဆိုပါ ညီလာခံသို့ လူဦးရေ စုစုပေါင်း ၁၈၄ ဦး တက်ရောက်နေပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဦးခွန်ထွန်းဦး အပြင် ဝန်ကြီးဦးအောင်မင်း၊ နိုင်ငံရေးပါတီများ ကိုယ်စား ဦးအေးသာအောင်၊ လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား SSPP မှ ဗိုလ်ချုပ်ဆေထင်က အဖွင့် မိန့်ခွန်းများ ပြောကြားခဲ့သည်။

ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေသဖြင့် အခက်အခဲ ကြုံတွေ့နိုင်သော်လည်း တိုင်းရင်းသားများနှင့် တပ်မတော်အစိုးရကပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင်ပူးပေါင်းရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို မတ်လ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ယနေ့ ညီလာခံသို့ လေ့လာသူများအဖြစ် အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အင်္ဂလန်၊ အမေရိကန်၊ အင်ဒိုနီးရှာ၊ ဘရူနိုင်း သံရုံးများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လားဟူ၊ ကိုးကန့်၊ ရှမ်း၊ ဝ၊ တအောင်း(ပလောင်)၊ ဓနု၊ အင်း၊ ပအိုဝ်း၊ ကယန်း၊ ကရင်နီ စသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ပေါင်း ၂၅ ဖွဲ့ ဖိတ်ခေါ်ခဲ့ရာမှ ၂၁ ဖွဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ မြို့နယ်အဆင့် ကိုယ်စားလှယ်သာ တက်ရောက်ခဲ့ပြီး ဝ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

PNLO မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ရှိနေသဖြင့် ထိုညီလာခံသို့ တက်ရောက်လာခြင်း မရှိကြောင်း အဖွဲ့မှ ဥက္ကဋ္ဌ နိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္စျိမကို ပြောဆိုထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသော KNPP ပါတီကမူ ထိုညီလာခံ၏ ရည်မှန်းချက် အသေးစိတ်မသိရ သဖြင့် တက်ရောက်ခြင်း မရှိကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး(၁) ခူဦးရယ် က ပြောသည်။

“တကယ်တန်း ညီလာခံရဲ့ ရည်ရွယ်ချက်၊ ဘယ်ပုံစံနဲ့ သွားကြမယ်။ ဘယ်လို ရှိတယ်ဆိုတာ ကျနော်တို့ အဆက်အစပ် မရှိဘူး။ နောက်ပြီး သူတို့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပံ့ပိုးဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ပြောပါတယ်။ သို့သော် ဘယ်လိုသွားမယ်ဆိုတာ အသေးမသိတဲ့ အခါကျတော့ မသေချာ မရေရာဘဲ၊ တစုံတရာ ဂဃနဏ မသိဘဲ ကျနော်တို့ သွားတာမျိုး မဖြစ်သင့်ဘူးဆိုပြီး မတက်တာပါ” ဟု မဇ္စျိမကို ရှင်းပြသည်။

အစိုးရထဲမှ ဝန်ကြီး ဦးအောင်မင်း အပြင် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ အပြင် ငြိမ်းချမ်းရေး စင်တာမှ အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့လည်း တက်ရောက်ကြသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရှမ်း နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ပထမဆုံး ညီလာခံတရပ်ကို ရန်ကုန်မြို့တွင် “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ယခုတကြိမ် ညီလာခံသည် ဒုတိယအကြိမ် ကျင်းပနေခြင်း ဖြစ်ပြီး ကယား အဖွဲ့အစည်းများပါ ဖိတ်ခေါ်ကျင်းပခြင်း ဖြစ်သည်။

ပထမ ညီလာခံ ပြီးနောက် ဒီဇင်ဘာလအတွင်း SNLD ပါတီ အဖွဲ့ဝင်များ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့
လေ့လာရေးခရီးစဉ်သွားရောက်စဉ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကယား ပြည်သူလူထုနှင့် ရှမ်းပြည်သူလူထု၏ လိုအပ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်များ ထပ်တူ ခံစားနေရသည်ကို တွေ့ရှိရ၍ ယခုကဲ့သို့ ပူးပေါင်း၍ ညီလာခံကို ကျင်းပရခြင်း ဖြစ်သည်ဟု ဦးစိုင်းလိတ်က မဇ္စျိမကို မကြာမီက ပြောဆိုခဲ့သည်။

ညီလာခံ ဒုတိယနေ့ဖြစ်သည့် ကြာသပတေးနေ့တွင် ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်း၊ ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးလှထွန်း၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ မှ ဒေါက်တာမင်းဇော်ဦးတို့ ဆွေးနွေးကြမည် ဖြစ်သည်။


credit-  မဇ္ဈိမသတင်းဌာန 

အိန္ဒိယ-အာဆီယံ လွတ်လပ် ကုန်သွယ်မှုကိစ္စ မြန်မာနယ်စပ်ရှိ NGO အဖွဲ့များ စိုးရိမ်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၃၈ မိနစ် 

အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သဘောတူခဲ့ကြသည့် လွတ်လပ်စွာ ကုန်သွယ်မှု (FTA)မှာ ပိုမိုပွင့်လင်းသော လုပ်ငန်းစဉ် ရှိရန် မြန်မာ နယ်စပ်ရှိ အိန္ဒိယ လူမှုအဖွဲ့အစည်းများက
တောင်းဆိုလိုက်ကြသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များရှိ The North East Peoples Alliance ၊ Forum for Indigenous Perspectives and Action ၊ Center for Organization, Research and Education နှင့် Women in Governance (WinG) တို့က ထိုင်းအစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်း ကိုယ်စားလှယ်
ဒေါက်တာ Nalinee Taveesin ထံသို့ FTA ညှိနှိုင်း ဆွေးနွေးမှုတရပ်ကို တင်ပြခဲ့ကြကြောင်း မဏိပူရပြည်နယ် အခြေစိုက် Imphal Free Press သတင်းစာက ရေးသားထားသည်။

ပိုမိုပွင့်လင်းမြင်သာမှု ရှိမှသာ ညှိနှိုင်းဆွေးနွေးထားမှုနှင့် ကွာဟမှုကို အများပြည်သူသို့ သိရှိစေပြီး ၎င်းတို့၏ စိုးရိမ် ပူပန်မှုများကို အပြည့်အဝ နားလည်သဘောပေါက်မည်ဟု ၎င်းတို့က ဆိုသည်။

အထိန်းအကွပ်မဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံစေခြင်းသည် လူထုဘဝနှင့် ၎င်းတို့၏ ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံသည် အာဆီယံနှင့် အိန္ဒိယ အပါအဝင် တောင်အာရှနိုင်ငံများအကြား ပေါင်းကူး ကုန်းမြေတရပ်အဖြစ် တည်ရှိနေသည်။

အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမို အားကောင်းလာစေရေး အတွက် အခရာကျလှသည့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု (FTA) တရပ်ကို ယမန်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က အပြီးသတ် ဆွေးနွေးနိုင်ခဲ့ကြသည်။

“အိန္ဒိယ အရှေ့မြောက်တလျှောက် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) ကို ၁၉၉၅ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွေ့အကြုံ သတင်းအချက်အလက်များ ပေးရပါမည်။ ထို အတွေ့အကြုံအရ ဒေသတွင်း ထုတ်ကုန်အရင်းခံများ ပျက်စီးမှု ကြုံခဲ့ရသည်။ အိန္ဒိယ-အာဆီယံ FTA အကောင်အထည်မဖေါ်မီ တူညီသော အကဲဖြတ် ဆောင်ရွက်မှုတခု လုပ်ရပေမည်” ဟု ဖေါ်ပြသည်။

ဇီဝမျိုးကွဲနှင့် ယဉ်ကျေးမှု၊ သတ္တု၊ ရေအား စွမ်းအင် အရင်းအမြစ်များအရ အိန္ဒိယ အရှေ့မြောက်သည် မျိုးကွဲ အစုံလင်ဆုံး ဒေသတခုဖြစ်ပြီး သဘာဝရင်းမြစ်များ ထုတ်ယူ သုံးစွဲသော လုပ်ငန်းများနှင့် ရေအရင်းအမြစ် စွမ်းအင် ထုတ်ယူမှုများကြောင့် ဒေသခံများ ရွှေ့ပြောင်းမှုများနှင့် အသက်မွေးဝမ်းကျောင်း ထိခိုက်ရမှုများ ရှိလာနိုင်သည်ကို ယင်းတင်ပြချက်တွင် မီးမောင်းထိုးပြခဲ့သည်။ အတိတ်ကာလက ဧရာမ ဆည်ကြီးများကြောင့် ဒေသတွင်း သဘာဝ ဝန်းကျင် ထိခိုက်ခဲ့ရမှုများကိုလည်း အသားပေး ဖေါ်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံများအရ လူမှုကဏ္ဍ တင်းကျပ်မှုများ လိုအပ်ကြောင်း တင်ပြချက်က ဆိုသည်။

လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု လုပ်ငန်းစဉ်နှင့် ယင်းကို အကောင်အထည် ဖေါ်ခြင်းကို ကုလသမဂ္ဂ၏
ဒေသခံလူထု အခွင့်အရေးဆိုင်ရာ ကြေညာချက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ၁၆၉၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ရှိ ညွှန်ကြားချက်တို့ကို စောင့်ထိန်းသည့်အနေဖြင့် အရှေ့မြောက်ဒေသ လူထု အခွင့်အရေးများအရ အသိပေးရမည်ဟုလည်း အိန္ဒိယ NGO အဖွဲ့များ၏ တင်ပြချက်တွင် ထပ်မံဖေါ်ပြထားသည်။

လက်ရှိ အိန္ဒိယ-အာဆီယံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ဝ ဘီလီယံ ရှိနေပြီး လွတ်လပ်စွာ ကုန်သွယ်မှု
နောက် ၂ဝ၁၅ ခုနှစ်တွင် နှစ်ဖက် ကုန်သွယ်မှုကို ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ရန် ရည်ရွယ်ထားကြသည်။

မြန်မာနှင့် အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိ ဘဏ္ဍာနှစ်တွင် လျာထားချက်ထက် ကျော်လွန်ခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ မတ်လ ကုန်အထိ ဒေါ်လာ ၂၂ သန်း ကုန်သွယ်နိုင်ရန် လျာထားခဲ့ရာ မတ်လ ၁ ရက်နေ့တွင်ပင် လျာထားချက် ကျော်စွာ ကုန်သွယ်နိုင်ခဲ့ကြောင်း တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ထို့ပြင် ၁၉၈၈ မိုင် ရှည်လျားသည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး ကားလမ်းမကြီးကို ၂၀၁၆ ခုနှစ်တွင် အပြီး
ဖောက်လုပ်ရန် အိန္ဒိယဘက်မှ စိုင်းပြင်းလျက်ရှိသည်။ 


credit-  မဇ္ဈိမသတင်းဌာန

ကယားပြည်နယ်သို့ အမေရိကန်သံတမန်များ လေ့လာ

စောဇင်ညီ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၁၅ မိနစ် 

ရန်ကုန်(မဇ္ဈိမ)။      ။ ကယားပြည်နယ်သို့ ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့သည်  ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိန်ဦးက ပြောသည်။

ဝန်ကြီးက “ငြိမ်းချမ်းရေး ရယူပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပြန်လည်နေထိုင်ဖို့ အဆင်ပြေဖို့ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရစ်ဘာတန် (Rick Barton) တို့ပါဝင်သည်။

အဆိုပါ ဆွေးနွေးမှုတွင် ယခင် စစ်ဘေးသင့် ဒေသများအတွင်း ရှိနေသော မြေမြှုပ်မိုင်းများအား ပြန်လည်တူးဖော်ရန် ကိစ္စများကို အမေရိကန် ကိုယ်စားလှယ်များဘက်မှ တိုက်တွန်းခဲ့ပြီး ပြည်သူများအား မြေမြှုပ်မိုင်းများနှင့် ပတ်သတ်၍ အသိပေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ဦးစိန်ဦးက ပြောကြားသည်။

ထိုသဘောတူညီမှုသည် ပြည်နယ်အစိုးရအဖွဲ့နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရစ်ဘာတန်နှင့်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်တို့ ဦးဆောင်သော အဖွဲ့တို့၏ ဆွေးနွေးမှုမှ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ထိုအဖွဲ့သည် ယနေ့ မတ်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်သို့ ရောက်ရှိပြီး ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှင့်  လူမှုအဖွဲ့အစည်းများကို တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကယားပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သင့်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့သို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ထောက်ပြခဲ့ကြောင်း တိုင်းရင်းသားရေးရာ ၀န်ကြီးမှ ပြောပြသည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ဒေသအတွင်း လူငယ်များနှင့် ဒေသအတွင်း အဖွဲ့အစည်းများကို တွေ့ဆုံစဉ် အလုပ်အကိုင် အခွင့်အလမ်းများ မည်ကဲ့သို့ ရှိကြောင်း လေ့လာခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂ အဖွဲ့ဝင် ကိုအက်သန်းက ပြောသည်။

၎င်းက “လူငယ်အသံတွေ ဒေသခံအဖွဲ့အစည်း အသံတွေ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုရှိတယ် ဆိုတာတွေကို လာလေ့လာတာလို့ ပြောတယ်။ ကျွန်တော်တို့ ဘက်ကလည်း နိုင်ငံရေး ပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုတယ်
ပြောလိုက်ပါတယ်” ဟု ဆိုသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ယနေ့ခရီးစဉ်သည် ကယားပြည်နယ်သို့ ပထမဦးဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ကယားပြည်နယ်မှ လက်နက်ကိုင် အဖွဲ့အစည်း ကေအန်ပီပီ အပါအ၀င် အခြား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်
တွေ့ဆုံခဲ့သော်လည်း တပ်မတော်မှ တာဝန်ရှိသူများ  ခရီးလွန်နေသဖြင့် တွေ့ဆုံမှု မပြုနိုင်ခဲ့ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။

ကယားပြည်နယ်တွင် ၂၀၁၂ခုနှစ်မှစ၍ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး ရရှိရန် အစိုးရမှ ဆွေးနွေးမှုများ ပြုလုပ်ဖို့ ရှိကြောင်း သိရသည်။  


credit-  မဇ္ဈိမသတင်းဌာန