Thursday, March 21, 2013

ဒေါ်လာဈေး တက်လာ၍ ရွှေလုပ်ငန်းရှင်အချို့ ဝင်ရောက်လုပ်ကိုင်လာ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၁ မိနစ် 

ရန်ကုန် (မဇ္ဈိမ)။   ။ ဒေါ်လာဈေး တက်လာသဖြင့် ရွှေလုပ်ငန်းရှင်အချို့ပါ ငွေကြေးဈေးကွက်သို့ ဝင်ရောက် လုပ်ကိုင်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ဒေါ်လာဈေးက တအိအိ တက်လာတယ်။ ပြီးခဲ့တဲ့ အပတ်က အပြင်ပေါက်ဈေး ဆို ၈၉၁ ကျပ် အထိ တက်လာတာ။ အခေါက်ရွှေ ဝယ်ရောင်း လုပ်ကိုင်သူ အချို့ပါ လိုင်းပြောင်း လုပ်ကိုင်လာတာ တွေ့ရတယ်” ဟု ဒေါ်လာ ဝယ်ရောင်း လုပ်ကိုင်နေသူ ဦးတင်မောင် က ပြောသည်။

မတ်လ ၁၅ ရက်မှ ၂၀ ရက်အတွင်း ညနေ၃ နာရီပေါက်ဈေးများမှာ သိမ်ဖြူလမ်း ငွေလဲ စင်တာများတွင် ဒေါ်လာ
ရောင်းဈေးအနေဖြင့် ၈၈၄ ကျပ်မှ ၈၈၆ ကျပ်အတွင်း ရှိနေပြီး ဝယ်ဈေးများမှာ ၈၇၇ ကျပ်မှ ၈၇၈ ကျပ်အတွင်း ရှိခဲ့သည်။ အလားတူ ပြင်ပ ဒေါ်လာပေါက်ဈေးမှာ ရောင်းဈေးအနေဖြင့် ၈၈၅ ကျပ်မှ ၈၈၉ ကျပ်အတွင်း ရှိပြီး ဝယ်ဈေးမှာ ၈၈၃ ကျပ်မှ ၈၈၆ ကျပ်အတွင်း ရှိခဲ့သည်။

“ဒေါ်လာဈေး ဘာကြောင့် တက်တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် ကောက်ကြောင်း လိုက်ကြည့်ရင် အခေါက်ရွှေလိုင်း သိပ်မကိုက်တော့ ရွှေသမားတွေ ဒေါ်လာလိုင်းထဲ ဝင်လာတယ်၊ နိုင်ငံတကာမှာလည်း
ဒေါ်လာဈေးက မြင့်တက်လာတော့ ရွှေမဝယ်တော့ဘဲ စတော့တွေ ဝယ်လာကြတဲ့အတွက် ဒေါ်လာက ခိုင်လာတဲ့ သဘော ရှိလာတယ်။ ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ငွေလဲနှုန်းကို အစိုးရက မျက်ကွယ်ပြု
နေသလားလို့ မေးခွန်းကို ပြောသွားတဲ့အတွက် မကြာခင် ဒေါ်လာဈေး တက်တော့မယ်လို့ အများစုက ခန့်မှန်း ထားကြတယ်၊ စတဲ့ အကြောင်းစုံတွေကြောင့် တက်လာတာ ဖြစ်တယ်” ဟု ဒေါ်လာဈေးကွက် စောင့်ကြည့်သူ ဦးကြည်လွင် က သုံးသပ်သည်။

မတ်လ ၁၉ ရက် ညနေ ၃ နာရ်ီတွင် ပြင်ပ ဒေါ်လာရောင်းဈေးမှာ ၈၈၆ ကျပ်၊ ဝယ်ဈေးမှာ ၈၈၄ ကျပ် ရှိခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင်လည်း ထိုဈေးအတိုင်းပင် ရှိခဲ့သည်။  


credit-  မဇ္ဈိမသတင်းဌာန

No comments:

Post a Comment