Thursday, March 21, 2013

သင်္ကြန်ရက်အတွင်း ရန်ကုန်တိုင်း မြို့နယ်၂၀ ကို မူလအတိုင်း ရေပေးမည်

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၂၉ မိနစ် 

ရန်ကုန် (မဇ္ဈိမ)။   ။ လာမည့် သင်္ကြန်ရက်များတွင် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ  မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် အရှေ့ ဒဂုံမြို့နယ်တို့အား သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

“ကျန်မြို့နယ်တွေဖြစ်တဲ့ မြို့လယ်ပိုင်းက မနက် ၇ နာရီမှ ၁၁ နာရီအထိရယ်၊ ညနေ ၃ နာ၇ီမှ ၆ နာရီအထိလို့ တနေ့ နှစ်ကြိမ်နဲ့ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တို့ကိုတော့ မနက် ၇ နာရီကနေ ၁၀ နာရီအထိ တနေ့ တကြိမ် ရေပေးသွားမှာပါ။ အဲဒီ အချိန်အတိုင်း မဏ္ဍပ်တွေကိုလည်း ပေးသွားမှာပါ။ အခါတိုင်းနှစ်အတိုင်း ပေးဝေသွားမှာ ဖြစ်ပါတယ်” ဟု ဒု-ဌာနမှူး ဦးအောင်ဆန်းဝင်း က ပြောသည်။

ရန်ကုန် မြို့လယ်ပိုင်းရှိ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ ပါဝင်သည်။

ရေကစား မဏ္ဍပ်များတွင် ၁ လက်မမှ ၁.၅ လက်မနှင့် ၂ လက်မ ပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည် ဖြစ်သည်။

“စည်ပင်က ရေ ယူသုံးမယ့် မဏ္ဍပ်တွေအနေနဲ့ ၁ လက်မနဲ့ ၁.၅ ပိုက်သုံးရင် ကျပ် ၁ သိန်း၊ ၂ လက်မပိုက်က ကျပ် ၁ သိန်းခွဲ ပေးသွင်းရပါမယ်။ အင်းလျားနဲ့ ကန်တော်ကြီးက ရေ ယူသုံးသူတွေအနေနဲ့ ၃ လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးသွားမှာ။ ၃ လက်မ ပိုက်သုံး မဏ္ဍပ်တွေက ရေသွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီအမီ ပေးသွင်းရမှာ ဖြစ်ပါတယ်” ဟု မဏ္ဍပ် ဆောက်ရန် စီစဉ်နေသူ ဦးအောင်မင်း က ဆိုသည်။

အဆိုပါ ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် တက်လာကြောင်း သိရသည်။ 


credit-  မဇ္ဈိမသတင်းဌာန

No comments:

Post a Comment