စောဇင်ညီ
|
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၀ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၁၅ မိနစ်
ရန်ကုန်(မဇ္ဈိမ)။ ။ ကယားပြည်နယ်သို့ ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့သည် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကယားပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိန်ဦးက ပြောသည်။
ဝန်ကြီးက “ငြိမ်းချမ်းရေး ရယူပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပြန်လည်နေထိုင်ဖို့ အဆင်ပြေဖို့ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရစ်ဘာတန် (Rick Barton) တို့ပါဝင်သည်။
အဆိုပါ ဆွေးနွေးမှုတွင် ယခင် စစ်ဘေးသင့် ဒေသများအတွင်း ရှိနေသော မြေမြှုပ်မိုင်းများအား ပြန်လည်တူးဖော်ရန် ကိစ္စများကို အမေရိကန် ကိုယ်စားလှယ်များဘက်မှ တိုက်တွန်းခဲ့ပြီး ပြည်သူများအား မြေမြှုပ်မိုင်းများနှင့် ပတ်သတ်၍ အသိပေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ဦးစိန်ဦးက ပြောကြားသည်။
ထိုသဘောတူညီမှုသည် ပြည်နယ်အစိုးရအဖွဲ့နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရစ်ဘာတန်နှင့်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်တို့ ဦးဆောင်သော အဖွဲ့တို့၏ ဆွေးနွေးမှုမှ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ထိုအဖွဲ့သည် ယနေ့ မတ်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်သို့ ရောက်ရှိပြီး ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှင့် လူမှုအဖွဲ့အစည်းများကို တွေ့ဆုံမည် ဖြစ်ကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ကယားပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်သင့်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့သို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ထောက်ပြခဲ့ကြောင်း တိုင်းရင်းသားရေးရာ ၀န်ကြီးမှ ပြောပြသည်။
အမေရိကန်ကိုယ်စားလှယ် အဖွဲ့သည် ဒေသအတွင်း လူငယ်များနှင့် ဒေသအတွင်း အဖွဲ့အစည်းများကို တွေ့ဆုံစဉ် အလုပ်အကိုင် အခွင့်အလမ်းများ မည်ကဲ့သို့ ရှိကြောင်း လေ့လာခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂ အဖွဲ့ဝင် ကိုအက်သန်းက ပြောသည်။
၎င်းက “လူငယ်အသံတွေ ဒေသခံအဖွဲ့အစည်း အသံတွေ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုရှိတယ် ဆိုတာတွေကို လာလေ့လာတာလို့ ပြောတယ်။ ကျွန်တော်တို့ ဘက်ကလည်း နိုင်ငံရေး ပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုတယ်
ပြောလိုက်ပါတယ်” ဟု ဆိုသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ယနေ့ခရီးစဉ်သည် ကယားပြည်နယ်သို့ ပထမဦးဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ကယားပြည်နယ်မှ လက်နက်ကိုင် အဖွဲ့အစည်း ကေအန်ပီပီ အပါအ၀င် အခြား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်
တွေ့ဆုံခဲ့သော်လည်း တပ်မတော်မှ တာဝန်ရှိသူများ ခရီးလွန်နေသဖြင့် တွေ့ဆုံမှု မပြုနိုင်ခဲ့ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။
ကယားပြည်နယ်တွင် ၂၀၁၂ခုနှစ်မှစ၍ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး ရရှိရန် အစိုးရမှ ဆွေးနွေးမှုများ ပြုလုပ်ဖို့ ရှိကြောင်း သိရသည်။
credit- မဇ္ဈိမသတင်းဌာန

No comments:
Post a Comment