Monday, March 25, 2013

ကရင်နီ ဒုက္ခသည် စခန်း မီးလောင်မှု ၄၅ ဦးသေ၊ ၂၀၀ကျော် ဒဏ်ရာရ



ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ ကျော်မှ ညနေ ၅ နာရီခွဲအထိ မီးလောင်မှုဖြစ်ပွား၍ လူ ၄၅ ဦး သေဆုံးပြီး
၂၀၀ ကျော်ဒဏ်ရာရရှိကာ ပျောက် ဆုံးသူများလည်း ရှိနေသည်။

စတင် တည်တောင်လာသည့် အချိန်မှစ၍ ယခုအချိန်ထိ ဆိုးရွားသည့် မီးလောင်မှုမျိုး မဖြစ်ခဲ့ဖူးသည့် ကရင်နီစခန်း ယခုလို မီးလောင်မှုကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရသလို ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည် စခန်းများတွင် ဆယ်စုနှစ် ၂ ခုအတွင်း လူသေဆုံးမှု အများဆုံး မီးလောင်မှု ဖြစ်သည်။
မီးလောင်မှုအား ရပ်ကွက်(၁)တွင် ထမင်းချက်ရာမှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းကြပြီး စခန်းတွင်းရှိ ရပ်ကွက်(၄)ခုစလုံးမှ အိမ်ခြေ ၄၂၀ လောင်ကျွမ်းခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွား ရောက်ခဲ့သူ ကရင်နီဒုက္ခသည်ကော်မတီ-KnRC မှ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ကေအိုင်စီသို့ ပြောသည်။
“မီးလောင်တာတော့ ရပ်ကွက်(၁)က ထမင်းချက်ရာကနေ လောင်တာလို့ လောလောဆယ် သိရပါတယ်။ မီးလောင်တာ ကျော် ကူးတဲ့အခါကျတော့ သုံးလေးနေရာလောက် လောင်သွားတာ။ အိမ်တွေဟာ တစ်လုံးနဲ့တစ်လုံး ကပ်လျှက်ဖြစ်နေတော့ မီး လောင်တာ တော်တော်မြန်တယ်”ဟု ပြောဆိုသည်။
ထို့အပြင် မီးဘေးကြောင့် လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား ၎င်းအမှတ်(၂)စခန်းအနီးရှိ မဲစရင်း ချောင်းကမ်းပါးတွင် ယာယီ နေရာချထားပြီး အရေးပေါ် ကူညီမှုများအတွက် ထိုင်းအာဏာပိုင်များ အပါအ၀င် ဒုက္ခသည်များကို ကူညီပေးနေသောအဖွဲ့များ ဖြစ်သည့် TBBC, IRC နှင့် IOM တို့မှ လိုက်လံဆောင်ရွက်ပေး လျှက်ရှိသည်ဟု သိရသည်။
ဆက်လက်၍ ဦးအောင်ဆန်းမြင့်က “လောလောဆယ် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေကို အရေးပေါ် ကူညီမှုတွေ လုပ်ပေးနေပါ တယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့ သုံးယောက်ကိုတော့ မဲဟောင်ဆောင် ဆေးရုံကို ပို့ထားပါတယ်” ဟု ဖြည့် စွက်ပြောဆိုသည်။
မီးလောင်ကျွမ်းမှုမှာ ယနေ့မနက်ကျမှသာ ငြိမ်းသွားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပျောက်ဆုံးသူများကို ဆက်လက် ရှာဖွေနေဆဲဖြစ်ရာ သေဆုံးသူဦးရေမှာ ထပ်မံ တိုးပွားလာဖွယ်ရှိသည်ဟု စောင့်ကြည့်ကူညီ သူများက ပြောဆိုနေကြသည်။
ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်းကို ၁၉၉၂ ခုနှစ်က စတင် တည်တောင်ခဲ့ပြီး လက်ရှိ ရပ်ကွက်ပေါင်း ၄ ခုရှိကာ လူဦးရေ ၃,၄၀၀ (သုံးထောင်လေးရာ)ကျော် အခြေချနေထိုင်လျှက်ရှိပြီး ၂၀၁၁ ခုနှစ် မိုးရာသီ အတွင်းက တောင်ကမ်းပါးပြိုကျ၍ အိမ်ခြေပျက်စီးမှု များ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင် ဒုက္ခသည်စခန်း တစ်ခုဖြစ်သည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် အလားတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေတစ်ထောင်မီးထဲပါသွား ခဲ့သည်။

KIC

No comments:

Post a Comment