Wednesday, April 3, 2013

ငါ့တိုင်းပြည်လေးထဲမှာ . . .လူဖြစ်ရတာ ငါဂုဏ်ယူတယ်



(၁)

ငါ့တိုင်းပြည်လေးမှာ . .
ရွှေရောင်စေတီတွေနဲ့
ဘုရား နဲ့ကျောင်းကန်နဲ့
ရဟန်းနဲ့ သံဃာနဲ့
ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုနဲ့
သစ္စာတရားနဲ့ မေတ္တာတရားနဲ့
ငါနေပျော်ပါတယ် ငါ့တိုင်းပြည်လေးဟာ
ဝါရှင်တန်ဒီစီလို ဂုဏ်ရှိန်ဝင့်ထည်မှုတွေမရှိသလို
ပဲရစ်မျှော်စင်ကြီးလည်းမရှိဘူး
ဘန်ကောက်မြို့ရဲ့အလှအပတွေမရှိသလို
၂ ဆင့် ၃ ဆင့် လှပတဲ့လမ်းသွယ်ကြီးတွေမရှိဘူး
ဗြိတိန်ရဲ့ ကျော်ကြားမှုတွေမရှိသလို
Oxford လို အအောက်အဆုံတွေလည်းမရှိဘူး
ဒါပေမယ့် . . ငါ့တိုင်းပြည်လေးကိုပဲငါချစ်တယ်

(၂)

ငါ့တိုင်းပြည်လေးထဲမှာ
လူငယ်တွေနဲ့အားသစ်တွေရှိတယ်
မဆုတ်မနစ်ကြိုးစားခြင်းနဲ့ဇွဲလုံ့လ၀ိရိယတွေရှိတယ်
ရောင့်ရဲတင်းတိမ်မှုနဲ့ဖော်ရွေတတ်သူတွေရှိတယ်
အလုပ်ပေါ်စေတနာထား. . ဗျာမများတတ်တဲ့သူတွေရှိတယ်

ငါ့တိုင်းပြည်လေးက မချမ်းသာဘူး . . ဒါပေမယ့် စိတ်ဓါတ်မဆင်းရဲကြ
ငါ့တိုင်းပြည်လေးက မကြွယ်ဝဘူး . . ဒါပေမယ့် ရိုးသားမှုတွေ အရင်းခံကြ
ငါ့တိုင်းပြည်လေးက ခေတ်မမှီဘူး . . ဒါပေမယ့် စေတနာကို တပ်ဆင်ခဲ့ကြ
ငါ့တိုင်းပြည်လေးက မပြည့်စုံဘူး . . ဒါပေမယ့် မေတ္တာတရားကိုရှေ့တန်းတင်ခဲ့ကြ

(၃)

ငါ့တိုင်းပြည်လေးမှာ
အနာတွေနဲ့ဒါဏ်ရာတွေနဲ့
အကြွေးတွေနဲ့ အပူတွေနဲ့
ဆင်းရဲမှုနဲ့နိမ့်ကျမှုနဲ့
နေပူ ဖုန်တက် မီးပျက်
ဆက်သွယ်ရေးလည်းခက်တယ်

ငါ့တိုင်းပြည်လေးဟာ အဆိုးတွေထဲကနလန်စ
အခုမှ ရုန်းကြွရတဲ့အခြေ
အသားမသေသေးတဲ့ အနေအထား
အကြွေးများစွာနဲ့ပူပန်
နက်ဖြန်ဆိုတာ မရေရာ
ဟောင်းလောင်းသာကျန်တဲ့တိုင်းပြည်

(၄)

ငါ့တိုင်းပြည်လေးကိုပဲချစ်တယ်
ငြိမ်းအေးမှုနဲ့ တရားဓမ္မကို ဆောက်တည်
ဂရုဏာတရားနဲ့ချစ်ခြင်းမေတ္တာကိုအလေးထား
လူ့အခွင့်အရေးဆိုတာ
ပညာတတ်ခြင်းမတက်ခြင်းထက်
စာနာနားလည်မှုနဲ့သာ ထပ်ဟပ်ပြခဲ့

ငါ့တိုင်းပြည်လေးဟာ . . .
ချောက်ထဲကျတော့မဲ့ . . ကောက်ရိုးမျှင်လေးလို
အဲဒီတိုင်းပြည်လေးဟာ . . .
မီးလောင်ပြာကျတော့မဲ့ . . လောင်စာဆီတွေလို
အဲဒီတိုင်းပြည်လေးဟာ . . . ကူရာမဲ့ကယ်ရာမဲ့
အဲဒီတိုင်းပြည်လေးဟာ . . .
အဲဒီတိုင်းပြည်လေးဟာ . . . .
အရာရာနတ္ထိ ဘာဆိုဘာမှ မရှိတော့ဘူးတဲ့လား

(၅)

ငါ့တိုင်းပြည်လေးဟာ
အဆီကိုစား အသားကိုမမြိုဘူး
အရိပ်နေနေ အခက်ချိုးချိုးမရှိဘူး
အနေခက်ခက်အသေခက်ခက်တွေမရှိဘူး
သဒ္ဓါတရားကိုရှေ့တန်းတင်
လူရာဝင်တဲ့ အလှူဒါန
သူသူငါငါအပြိုင်အဆိုင်ပြုကြ
ငါချစ်တဲ့ မြန်မာပြည်

ရန်သူကိုတောင်ချစ်ခင် အပြစ်မမြင်တတ်တဲ့လူမျိုး
ခါးသီးမှုကိုသည်းခံ မီးမမှန်လည်း ပျော်နေတတ်တဲ့လူမျိုး
ဒါဏ်ရာတွေကိုချွေးသိပ် တိတ်တဆိတ်နေတတ်တဲ့လူမျိုး
တောင်းပန်ရင်ကျေအေး အနေမဝေးချင်တဲ့လူမျိုး
အားငယ်သူကိုကူညီ စိတ်ကြည်ဖြူတဲ့လူမျိုး

(၆)

ငါ့တိုင်းပြည်လေးမှာ လူဖြစ်ရတာ ငါဂုဏ်ယူတယ်
ငါ့တိုင်းပြည်လေးမှာ မြန်မာလို့ ပြောခွင့်ရတာငါဂုဏ်ယူတယ်
ငါ့တိုင်းပြည်လေးဟာ သေးသေးလေးပဲ
ဒါပေမယ့် မြန်မာဆိုတာ စိတ်ဓါတ်ကြီးကျယ်တဲ့သခင်မျိုး
ဘယ်တော့မှမရိုးတဲ့ဂုဏ်တွေနဲ့
ဘယ်ကိုပဲရောက်ရောက် ဘယ်ကိုပဲပေါက်ပေါက်
ဘာတွေပဲနှောက်နှောက် ဘယ်အရာပဲပျောက်ပျောက်
ငါ မြန်မာဟေ့လို့အမြဲကြွေးကျော်တယ်

သခင်မျိုးဟေ့ တို့ဗမာ
ဘယ်အရာကိုမှ ဒူးမထောက်
ချောက်တိုင်းမကြောက်တဲ့ မြန်မာ
ငါ့တိုင်းပြည်လေးမှာ
နေပူပူမိုးရွာရွာနှင်းကျကျ
ဆင်းရဲပါစေ
စုတ်ပြတ်ပါစေ
နိမ့်ကျပါစေ
ငါနဲ့ငါ့လူမျိုးနဲ့ ငါ့တိုင်းပြည်လေးမှာ ငါနေပျော်တယ်

သက်တန့်ချို
March 29-2013

No comments:

Post a Comment