Thursday, April 4, 2013

ဒေါ်အောင်ဆန်းစုကြည် သင်္ကြန်ကာလ ဂျပန်ခရီးစဉ် စတင်တော့မည်



မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၀၆ မိနစ် 

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်နေ့ထိ လာရောက်မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာသည်။

ဤခရီးစဉ်မှာ ဒေါ်စု၏ ဒုတိယအကြိမ် ဂျပန်ခရီးစဉ်ဖြစ်ပြီး ၁၉၈၅-၈၆ ခုနှစ်က ကျိုတို တက္ကသိုလ်တွင် သုတေသနလုပ်ငန်း ဆောင်ရွက်ရန် ပထမဆုံးအကြိမ် သွားရောက်ခဲ့ဖူးကြောင်း ဗုဒ္ဓဟူးနေ့က
ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် ပါရှိကြောင်း AFP သတင်းတရပ်က ဆိုသည်။

ဧပြီလလယ်အတွင်း ကျိုတိုမြို့သို့ သွားရောက်ကာ တက္ကသိုလ်များ၌ မိန့်ခွန်းများ ပြောဆိုကာ
မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဂျပန် နိုင်ငံ အနေဖြင့် လွတ်လပ် ပွင့်လင်းလာခါစ မြန်မာနိုင်ငံအား ကုန်သွယ်ဘက် နိုင်ငံ တခုအဖြစ် ဆက်လက် အလေးထား ဆက်ဆံနေသည့် အချိန်တွင် သူ၏ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရ လက်ထက်ကတည်းက မြန်မာနှင့် ကုန်သွယ်မှုများအပြင် ရက်ရောသော အကူအညီများ ပေးခဲ့သည့်နိုင်ငံဖြစ်ကာ ယခုလည်း ဖွံ့ဖြိုးမှုနှင့် လူသားချင်းစာနာမှု အကူအညီများ အများအပြား ပေးနေသည့် နိုင်ငံဖြစ်သည်။

ကြွေးမြီ ဂျပန်ယန်းငွေ ၃၅၀ ဘီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) အား လျှော်ပစ်ခြင်းနှင့် အကူအညီ များစွာ ပေးအပ်ခြင်းတို့ အပါအဝင် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထက်သန်စွာဖြင့် ကူညီ
ထောက်ပံ့ပေးခဲ့ကာ မြန်မာနိုင်ငံအတွင်း တွင်လည်း ဂျပန်စီးပွါးရေး လုပ်ငန်းများ လုပ်ကိုင် လည်ပတ်လျက် ရှိနေပေသည်။
 

No comments:

Post a Comment